Monday, July 30, 2018

ကလေးနှင့် ဗိုက်တာမင် စီ


ကလေးနှင့် ဗိုက်တာမင်စီ

🍋(၁) သဘာဝဗိုက်တာမင်စီ သဘာဝဗိုက်တာမင်စီကို အာလူး၊ ရှောက်သီး၊ သံပုရာသီး၊ လိမ္မော်သီး၊ မာလကာသီး၊ ရှောက်ချိုသီး၊ ခရမ်းချဉ်သီး၊ ကျွဲကောသီး၊ ကီဝီသီး၊ စတော်ဘယ်ရီ၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ချဉ်ပေါင်ရွက် စသည်တို့မှ ရရှိသည်။ သဘာဝဗိုက်တာမင်က လိုတာထက်ပိုစားမိလျှင် အန္တရာယ်မရှိပါ။

🍊(၂) ဗိုက်တာမင် စီရဲ့ တာဝန် -ဗိုက်တာမင်စီက အရေပြားနှင့် အရိုးများကို ထောက်မပေးထားသော အရွတ်မျှင်များအတွက် မရှိမဖြစ်လိုသည်။ -အသားဓာတ်ကို အာဟာရအဖြစ်ပြောင်းလဲပေးရာတွင်ပါသည်။ -သွားနှင့်သွားဖုံးကျန်းမာရေးအတွက်လိုသည်။ -အရေပြားနှင့် ကိုယ်တွင်းအနာများ ကျက်စေသည်။ -ရောဂါပိုးကို ခုခံမှုစနစ်တွင်ပါဝင်သည်။ -အစာအိမ်နှင့်အူလမ်းကြောင်းမှ သံဓာတ်စုပ်ယူမှု အားကောင်းစေသည်။

🥝(၃) ဗိုက်တာမင်စီ တိုက်မလား ဗိုက်တာမင် စီ ဆေးပြားလေးများက သကြားလုံးအရသာနှင့်တူ၍ ကလေးအများစု ကြိုက်ကြသည်။ အာဟာရစုံလင်အောင်စားသော ကလေးတစ်ယောက်အတွက်တော့ အပိုတိုက်ဖို့မလိုပါ။ တိုက်လို၍၊ ကလေးကြိုက်၍ တိုက်လျှင်လည်း လွန်လွန်ကျွံကျွံမတိုက်လျှင် အန္တရာယ်မရှိပါ။ ကလေးအသက်အရွယ်လိုက် လိုအပ်ချက်အရ ထုတ်လုပ်သူက ထုတ်ထားပါလိမ့်မည်။ လိုအပ်ချက်ထက် တခါတရံပိုတိုက်မိလျှင် ကျောက်ကပ်က ဆီးထဲမှတဆင့် ထုတ်ပေး၍ ပြဿနာမရှိပါ။ သို့သော် ဆေးလုံးလေးများကို ပြဌာန်းထားသော dose ထက်အများကြီး ပိုသောက်ခြင်းက ရေရှည်ဖြစ်လာလျှင် ကျောက်ကပ်တွင် ကျောက်တည်တတ်သည်။ ဝမ်းသွားခြင်း၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ အန်ခြင်း၊ ရင်ပူခြင်း၊ လေထိုးခြင်းတို့ဖြစ်တတ်သည်။

🍓(၄) ဗိုက်တာမင်စီနှင့် တုပ်ကွေး ၁၉၇၀ ကတည်းက ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် ဗိုက်တာမင်စီနှင့် တုပ်ကွေးဆက်နွယ်မှုကို သုတေသနပေါင်းများစွာ လုပ်ခဲ့သည်။ ဗိုက်တာမင်စီက ကိုယ်ခံအားကို ယေဘုယျအားဖြင့် ကောင်းစေသော်လည်း အအေးမိနှာစေးပိုးနှင့် တုပ်ကွေးပိုးအမျိုးမျိုးကူးစက်ခံရနိုင်ချေ ရာခိုင်နှုန်းကို အမှန်တကယ် လျှော့ချပေးကြောင်း မတွေ့ရှိပါ။ တုပ်ကွေးပိုးကူးစက်ခံရလျှင် ဗိုက်တာမင်စီသောက်၍ ရောဂါလက္ခဏာပြင်းထန်မှုနှင့် ကြာရှည်မှုကို လျှော့ချပေးကြောင်းမတွေ့ရှိပါ။

နေနေမိုးဆွေ (Child Health Myanmar)
Pictures- credits to Google Images Reference- Cochrane Library, National Institute of Health, USA, Health Direct: Australia Government

No comments:

Post a Comment